ရှမ်း/မြောက် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ဒေသအသီးသီးသို့ စစ်ဘေးရှောင်နေကြသည့်သူအချို့ ယခု ဒီဇင်ဘာလအတွင်း နေရပ်ပြန်လာခြင်းများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
ယခုလ ဒီဇင်ဘာ (၃)ရက်တွင် နေရပ်ပြန်လာသူ (၁၉)ဦးနှင့် (၄)ရက်တွင် နေရပ်ပြန်လာသူ (၈)ဦး တို့အား နောင်ပိန်မြို့နယ် ကမ်းလင့်လက်လူမှုကူညီရေးအသင်းရုံး၌ တစ်ညတာ ယာယီတည်းခိုခွင့်ပြုခဲ့ရကြောင်း သိရသည်။
” အပစ်ရပ်ပြီးနှစ်ဘက်ညှိနှိုင်းမှုတွေလုပ်ဖို့ သတင်းတွေထွက်လာတာရယ်၊ လက်ရှိ ဒီဘက် တိုက်ပွဲဖြစ်လာတာအရှိန်လျော့လာတယ်လို့ ကြားတာကြောင့် ပြန်ကြတယ်လို့မြင်ပါတယ်။ မပြန်လို့လည်းမရဘူး။ ကုန်ဈေးနှုန်းတွေကြီး၊ အိမ်ငှားခတွေက မြင့်နေတော့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာပဲပြန်ချင်ကြတာ။ နောက်ပိုင်းပြန်မယ့်သူတွေလည်း အခြေအနေစောင့်ကြည့်နေတာမျိုးတွေရှိနေပြီ”ဟု လားရှိုးမြို့မှ တောင်ကြီးမြို့သို့ စစ်ရှောင်နေရသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လားရှိုးမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအကြား အချင်းချင်းဆက်သွယ်မေးမြန်းမှုများရှိနေသော်လည်း တိုက်ပွဲဖြစ်နိုင်ခြေရှိ/မရှိအပေါ်မည်သူမျှ တိကျသည့် ပြောဆိုမှုမျိုး မရှိကြပေ။
မန္တလေးဘက်မှ လားရှိုးသို့ပြန်လည်ဝင်ရောက်မည်ဆိုပါက သွားလာ၍ရသည့်လမ်းပိုင်းများ ရှိနေသော်လည်း သွားရမည့်လမ်းခရီးအဆင့်ဆင့်တို့ကြောင့် မပြန်လိုသည့် ဒေသခံများလည်း ရှိနေသေးကြောင်း သိရသည်။