MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည့် နစက သည်ဇန်နဝါရီ ၂၀ ရက်မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို နစက ဥက္ကဋ္ဌမှတွေ့ဆုံခဲ့သည်။
“MSME လုပ်ငန်းတွေမှာ ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနဲ့ဝန်ဆောင်မှုဆိုပြီးရှိပါတယ်။ ခရီးသွားလုပ်ငန်းမှာ ခရီးသွားသူတွေနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေ အချင်းချင်း နှစ်ဦးနှစ်ဘက် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရယ် စနစ်တကျရှိဖို့ရယ်လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက အဆိုပါတွေ့ဆုံပွဲတွင်ပြောသည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေး၊ ချက်ပြုတ်ကျွေးမွေးရေးနှင့်တစ်ဦးချင်းဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့်လက်ဆောင်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများသည်လည်း ခရီးသွားလုပ်ငန်းတွင်ပါဝင်သည်ဟု ဆိုသည်။
“ငပလီကမ်းခြေဟာ သာယာလှပတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ပြည်ပခရီးသွားဧည့်သည်တွေကတောင် ချီးကျူးနှစ်သက်ရတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းဟာ ဒေသမှာရှိတဲ့ သဘာဝသယံဇာတ၊ အရင်းအနှီးတွေကို အကျိုးရှိအောင်အသုံးချဆောင်ရွက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်ရန် လူသားအရင်းအမြစ်ကောင်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် လေ့ကျင့်သင်ကြားပေးရန်လိုသည်ဟု ဆိုသည်။
ယခုရက်ပိုင်းတွင်ရခိုင်သို့ ထိုင်းတပ်မတော်မှ အဆင့်မြင့်အရာရှိများ ရောက်ရှိနေချိန်လည်းဖြစ်သည်။ ကိုဗစ်အလွန် ယခုကာလများတွင် ထိုင်းနိုင်ငံ၌ အိမ်ခြံမြေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းမှာ ပြန်လည်ဦးမော့လာချိန်ဖြစ်သည်။
