မြန်မာနိုင်ငံ၌ လူကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုမကျင့်သုံးဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုသာကျင့်သုံးသွားမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မကြာမှီကာလအတွင်းမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပမှာပါ။ ရွေးကောက်ပွဲကို လုံခြုံရေးပိုင်းဆိုင်ရာအရ အပိုင်း (၃) ပိုင်းခွဲပြီးကျင်းပသွားပါမယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်လို့မရနိုင်တဲ့ မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) တွေနဲ့ မဲပေးနိုင်ဖို့ဆောင်ရွက်နေပါတယ်။ မဲမသမာမှုမဖြစ်စေဖို့နဲ့ ဆန္ဒမဲတွေပေးနိုင်ဖို့ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာ၌ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်မည်ဖြစ်ပြီး လူကိုအခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးမည်ဖြစ်၍ မိမိတို့ကျင်းပသည့်ရွေးကောက်ပွဲအား သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးရန်လိုပြီး ကရင်ပြည်နယ်အနေဖြင့် မိမိတို့နိုင်ငံ၏ နည်းလမ်းတကျဖြစ်သော နိုင်ငံရေးစနစ်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲသည်အခြေခံဖြစ်၍ ရွေးကောက်ပွဲအောင်မြင်စေရေးကိုဆောင်ရွက်ရန်လိုသည်ဟု ပြောသည်။
ထို့အတူ ဆန္ဒမဲပေးရာတွင်လည်း ဒေသအကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံတော်မှတရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့်အတူတကွ ပူးပေါင်း၍ နိုင်ငံတော်၏ အကျိုးကိုဆောင်ရွက်နိုင်သည့် စိတ်ရှိသူ၊ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သည့်သူများကို ရွေးချယ်နိုင်ရန်လိုသည်ဟု ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
