လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာ ၂၁ ရက် (မနက်ဖြန်) မှစတင်၍ ဒီဇင်ဘာ ၄ ရက်အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ထပ်မံကပ်ထားကြေညာမည်ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးအတွက်ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည့်စုံမှန်ကန်သောမဲစာရင်းရရှိရန် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုကြရန် UEC ကမေတ္တာရပ်ခံထားကြောင်း သိရသည်။
ထို့ပြင် မဲစာရင်း၌အမည်မပါသူများအနေဖြင့် ပုံစံ (၃) ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ (၄ – ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေး ရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကာ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း (တတိယ) အကြိမ်ကပ်ထားကြေညာခြင်းကို ဒီဇင်ဘာလအတွင်း၌ နောက်ဆုံးအကြိမ်အဖြစ်ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
