ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများကို သွားရောက်ကြည့်ရှူကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေး တိုက်တွန်းထားသည်။
ဒုတိယအကြိမ် မဲစာရင်းများကို နို၀င်ဘာ (၂၁) ရက်မှစတင်ကာ ဒီဇင်ဘာလ (၄) ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားခြင်း ဖြစ်သည်။
မဲစာရင်းများ သွားရောက်ကြည့်ရှုကာ မိမိ၏ အမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်သည်ဟုလည်း UEC က ဆိုသည်။
ယင်းနည်းတူ အမည်နှင့် အချက် အလက်များကို ကန့်ကွက်ရန်ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ကာ အချက်အလက်များ ပြင်ဆင်ရန်ရှိပါက ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ယင်းပုံစံများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူကာ လျှောက်ထားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။
