ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မတ် ၂ ရက်(ယနေ့)တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့သို့ ဂုဏ်ပြုသဝဏ်လွှာရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော(Agrobased Country) နိုင်ငံဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံဖြစ်ကြောင်း
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် သဘာဝကပေးထားသည့် မြေသယံဇာတ၊ရေသယံဇာတ၊မျှတသည့် ရာသီဥတုအခြေအနေကောင်းများနှင့် ဝိရိယရှိစွာကြိုးစားလုပ်ကိုင်နေကြသည့် လူသားအရင်းအမြစ်များကို ရရှိပိုင်ဆိုင်ထားကြောင်း
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားရေးဘဝ သိသာထင်ရှားစွာပြောင်းလဲတိုးတက်လာစေရေးအတွက် ဖြည့်ဆည်းပြုပြင်ကူညီပေးရန်လိုအပ်နေဆဲဖြစ်ကြောင်း
မြန်မာနိုင်ငံအနေဖြင့် “G-A-P” စနစ်ဖြစ်သည့် (G) “Government Policy, Guideline, Drive, Support အစိုးရ၏ တိကျခိုင်မာသော မူဝါဒ၊လမ်းညွှန်ချက်၊တွန်းအားထောက်ပံ့ကူညီမှု”၊(A)“ Assistance, Financial Assistance, Technical Assistance ငွေရေးကြေးရေးအကူအညီ၊ နည်းပညာအကူအညီ”၊ (P)“People, People Participation, People Cooperation ပြည်သူလူထု၏ တစ်ခဲ နက်ပါဝင်ခြင်း၊ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း” ၃ ချက် ဟန်ချက်ညီရန်အထူးအရေးကြီးကြောင်း
လယ်ယာလုပ်သားရှားပါးလာခြင်း၊လယ်ယာထွက်ကုန်များအထွက်နှုန်းကျဆင်းခြင်းတို့မှာ တောင်သူ လယ်သမားမိသားစုများမှ လူငယ်လူရွယ်အချို့သည် မိရိုးဖလာတောင်သူလယ်သမားဘဝ အမွေဆက်ခံလုပ်ကိုင်ရန် စိတ်ဝင်စားမှုနည်းလာကာ အခြားစီးပွားရေးလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြ၍ဖြစ်သည်ကို တွေ့ရှိရကြောင်း
ထို့ကြောင့် “G-A-P” စနစ်ကို အချိုးညီညီကျင့်သုံးခြင်း၊မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊သီးထပ်၊သီးညှပ်များ စိုက်ပျိုးခြင်း၊တတ်နိုင်သမျှ ခေတ်မီစက်မှု လယ်ယာကဏ္ဍ နည်းပညာများအသုံးပြု၍ ပြည်တွင်းသာမက ပြည်ပအထိပါ ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ပေးပို့ရောင်းချခြင်း၊စီးပွားရေးအရ ဆွဲဆောင်မှု(Incentive)ပိုမိုဖန်တီးပေးခြင်းတို့သည်တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ပြီး လူနေမှုဘဝ တစ်စတစ်စ ပိုမိုမြင့်မားလာမည်ကို ယုံကြည်သည်ဟုလည်း ရေးသားထားသည်။
USDP ပါတီအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် လယ်သမားလူထုကြီးနှင့် ထာဝရအတူရပ်တည်ဆောင်ရွက်သွားရန် ပြတ်သားသည့် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်ဟု ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

