ရှမ်းပြည်နယ်၊ အထူးဒေသ(၄)၏ မိုင်းလားမြို့တွင်းရှိ ခရီးသည်တင်ကားလိုင်းများအား တစ်စုတစ်စည်းတည်း စီမံခန့်ခွဲပေးသွားမည်ဖြစ်၍ အဝေးပြေးကားများသည် ဒီဇင်ဘာ ၁ ရက်မှစ၍ စုပေါင်းအဝေးပြေးကားဂိတ်၌ ရပ်နားရမည်ဖြစ်ကြောင်း အထူးဒေသ(၄)စုပေါင်းအဝေးပြေးကားဂိတ်က အသိပေးစာထုတ်ပြန်ခဲ့သည်။
အဆိုပါစာထုတ်ပြန်ခဲ့သည့် အထူးဒေသ(၄)စုပေါင်းအဝေးပြေးကားဂိတ်ကို နိုဝင်ဘာ ၁၅ ရက်က အထူးဒေသ(၄)စီးပွားရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ယာဉ်လိုင်းများကို တစုတစည်းတည်းစီမံခန့်ခွဲနိုင်ရန်၊ တရားမဝင်ယာဉ်လိုင်းပြေးဆွဲ/ကုန်ကူးမှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ဒီဇင်ဘာ ၁ ရက်မတိုင်မီ လုပ်ထုံးလုပ်နည်းများအတိုင်း အမည်စာရင်းပေးသွင်းခြင်း၊ ယာဉ်ပြေးဆွဲရေးခွင့် ပြုချက်လက်မှတ်၊ မော်တော်ယာဉ်စစ်ဆေးအတည်ပြုခြင်းတို့ပြုလုပ်ပြီးမှသာ ကားလိုင်းများကိုတရားဝင်ပြေးဆွဲနိုင်မည်ဟု ဆိုသည်။
ထို့အတူ ဒီဇင်ဘာ ၁ဝ ရက်မှစ၍ တာဝန်ရှိသူများက လမ်းကြောင်းတစ်လျှောက် ပူးပေါင်းစစ်ဆေးခြင်းများပြုလုပ်ကာ လက်မှတ်မဲ့ပြေးဆွဲနေသည့် မှောင်ခိုယာဉ်များ၊ စည်းကမ်းမဲ့ရပ်နားထားသည့် မော်တော်ယာဉ်များနှင့် သတ်မှတ်လမ်းကြောင်းများအတိုင်း မောင်းနှင်ခြင်းမပြုသည့်ယာဉ်များကို အရေးယူသွားမည်ကိုလည်း အသိပေးထားသည်။
အထူးဒေသ(၄)၏ စုပေါင်းအဝေးပြေးကားဂိတ်အား မိုင်းလားသုညမိုင်ကုန်စည်ကွင်း(ယခင်မိုင်းလားကားဂိတ်)တွင်ဖွင့်လှစ်ထားပြီး ဆီလူး၊ ကျိုင်းခမ်းနှင့် နမ့်ပန်းတို့တွင်လည်း ဂိတ်ခွဲများထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။