ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဧည့်သည်နှစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။
ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင် စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည်များပြားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပွဲတော်အချိန်ခါမဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း/ပြည်ပ ခရီးသွား အဆက်မပြတ်လာရောက်သည့် မြို့ဖြစ်ကာ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူ နှစ်သိန်းကျော် လာရောက်ဖူးမြှော် လေ့လာခဲ့ခြင်းကြောင့် ညောင်ဦးမြို့၊ ပုဂံမြို့ရှိ ဟိုတယ်၊ တည်းခိုရိပ်သာများအားလုံးပြည့်နေပြီး နေ့ခြင်းပြန်ဘုရား-ဖူးကားများ၊ ဘုရားဖူး ပြည်သူများလည်း အလွန်များပြားလျှက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သူများပြားခြင်းကြောင့် ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင်လည်း အီးဘိုက်၊ မီနီအိုးဝေ၊ မြင်းလှည်း၊ ကားအငှားလိုက်သူများနှင့် စားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ လက်အလှပန်းချီဆွဲသူများ၊ ရိုးရာသနပ်ခါးလိမ်းခြယ်ပေးသူများ၊ အလှဓာတ်ပုံ (ဖုံးဖြင့်) ရို-က်ပေးသူများအားလုံး ဝင်ငွေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
