မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတားသည် ပင်လယ်ကူးသင်္ဘောများဖြတ်ကူးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးတံတားအမြင့်ဖြစ်ပြီး တံတားအချို့နေရာများတွင် လမ်းအနိမ့်အမြင့် Gradient မတ်စောက်သောကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခွင့်ပြုမည့်ယာဉ်အမျိုးအစား ကန့်သတ်ခြင်း၊ မောင်းနှင်ခွင့်ပြုသည့် အရှိန်နှုန်းအားကန့်သတ်ခြင်းနှင့် အရှိန်ထိန်းစနစ် speed Bump များ ထည့်သွင်းဆောင်ရွက်ခြင်းများလုပ်ဆောင်ရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကပြောသည်။
ယမန်နေ့က မြန်မာ-ကိုးရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရူစစ်ဆေးသည့်အချိန် ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ယာဉ်နှင့် ယာဉ်မောင်းသူတို့၏ အားနည်းချက်ကြောင့် အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် လိုအပ်သော စည်းမျဉ်းသတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဖြင့် ဆွေးနွေးဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထိုပြင် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းစဉ်များအလိုက် လျာထားသတ်မှတ်ချိန်ထက် ဆောလျင်စွာပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ သံမဏိကြိုးထိန်းတိုင် (Pylon) များတွင် လေကြောင်းအချက်ပြမီးများနှင့် မိုးကြိုးလွှဲများတပ်ဆင်ရန်၊ ညအချိန်သင်္ဘောများ အန္တရာယ်ကင်းရှင်းအောင်သွားလာနိုင်ရန်အတွက် ရေကြောင်းလမ်းပြမီးများကို သတ်မှတ်ချက်အတိုင်း တပ်ဆင်ဆောင်ရွက်ရန်၊ ဒလမြို့ရေချိုရရှိစေရေးအတွက် တံတား၏တစ်ဖက်တစ်ချက်တွင် ထည့်သွင်းဆောင်ရွက်နေသော အချင်း ၀ ဒသမ ၅ မီတာရှိသော ရေပိုက်နှစ်လုံးသွယ်တန်းပေးခြင်းအား စနစ်တကျဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိ တံတားတည်ဆောက်ရေးလုပ်ငန်းအချောသပ်လုပ်ငန်းများ ဆောင်ရွက်နေပြီး မကြာမီပြီးစီးတော့မည်ဖြစ်၍ ပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် အချောသပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ အင်ဂျင်နီယာပညာရှင်များဖြင့် လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်းပြီးစီးရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းလုပ်ငန်းများအားလုံးကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ဆောင်ရွက်နေကြောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။
အဆိုပါ တံတားပြီးစီးသွားပါက ရန်ကုန်မြိုကတဆင့် ဒလ၊ တွံတေး၊ ကော့မှုးနှင့် ကွမ်းခြံကုန်းမြိုနယ်များသို့ လွယ်ကူစွာသွားလာနိုင်မှာလည်းဖြစ်သည်။
