ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အအေးခန်းစက်ရုံများ၌ ထုတ်လုပ်သည့် ရေချိုနှင့် ရေငန် ငါး/ပုစွန်များအား အေးခဲ၍ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်မှုဇုန်ရှိ ဟုန်ရှန်ကုမ္ပဏီလီမိတက်အအေးခန်းစက်ရုံအတွင်း Normal System နှင့် CNP System များဖြင့် ရေချိုနဲ့ ရေငန်ငါးပုစွန်များ အေးခဲပြီး တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ Ocean World အအေးခန်း စက်ရုံအတွင်း ပြည်ကြီးငါး၊ ပုစွန်၊ ငါးတံခွန်၊ ငါးသလဲထိုး၊ ငါးမုတ်၊ ငါးတီး၊ ငါး ခေါင်းပွ၊ ငါးမုတ်ဖြူ၊ ငါးရွှေ၊ ငါးပုတ်သင်တို့ကို အေးခဲပြုပြင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ အအေးခန်းစက်ရုံများအတွင်း ရေချိုနှင့် ရေငန်ငါးပုစွန်များကို ပြည်ပသို့ တင်ပို့နိုင်ရန် ပြုပြင်ထုပ်ပိုး သိုလှောင်ထားကာ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ထားပြီး နိုင်ငံတကာဈေးကွက်တွင် အကောင်းဆုံးထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရန် Food Safety System များနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
