ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ဧကများ တိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိရသည်။
ပြီးခဲ့သည့် ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass အမျိုးအစား ထောပတ်သီး တန်ချိန် ၃၀၀၀ ခန့်အထိ အထွက်နှုန်း ကောင်းမွန်ခဲ့ပြီး ယခုနှစ်ရာသီတွင်လည်း အထွက်နှုန်းမြင့်မားနိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။
ယခုနှစ်တွင် ပြည်တွင်းထုတ် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံကို အဓိကတင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးများကို မလေးရှားဈေးကွက်ထံ စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင်လည်း အိန္ဒိယနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အနည်းငယ် စတင် တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
