မြန်မာနိုင်ငံတွင် ထောပတ်သီးစက်ရုံအသစ်တည်ဆောက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံမှ ယခုနှစ်ထောပတ်သီးရာသီတွင် အေးခဲထောပတ်သီး တန် ၂၀၀ ခန့်အား အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အိန္ဒိယနိုင်ငံဘက်သို့ နမူနာပေးပို့ရန်၊ မြန်မာ့ထောပတ်သီး အိန္ဒိယနိုင်ငံသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးရန် နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ Hass ထောပတ်သီးစိုက် ဧကပေါင်း ၂၀၀၀၀ ခန့်ရှိပြီး နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း Hass ထောပတ်သီးများ လှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။
ထိုသို့ ထောပတ်သီးများ တင်ပို့ရာတွင် Hass ထောပတ်သီးများအပြင် Buccaneer၊ 034၊ Booth 7 နှင့် အမရာ စသော ထောပတ်သီးမျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
