ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စျေးရှေ့ရှိ ထောက်ကြန့်စျေးမှတ်တိုင်တွင် လမ်းဖြတ်ကူးလာသည့် သံဃာတော်တစ်ပါးအား YBS (35) က ရှေ့ဘီးဖြင့်တက်ကြိတ်မိ၍ ပျံလွန်တော်မူသွားခဲ့မှု ယနေ့ သြဂုတ် (၁၇) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လမ်းဖြတ်ကူးလာတဲ့ သံဃာတော်ကို ကားရှေ့ဘီးနဲ့တက်ကြိတ်မိတာပါ။ အခင်းဖြစ်နေရာမှာပဲ ပျံလွန်တော်မူသွားတာပါ။ ထောက်ကြန့်စျေးရှေ့ မှတ်တိုင်ကနေ ကားကအထွက်မှာဖြစ်သွားတာပါ။ ပျံလွန်တော်မူသွားတဲ့ သံဃာ တော်က မှော်ဘီဘက်က ဘုန်းကြီးကျောင်းကလို့ သိရပါတယ်။ သက်တော်(၅၂)နှစ် ဝါတော်(၉)ဝါရှိပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဥ်မှ ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်၏ ရုပ်အလောင်းအား မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းဝင်များက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ဘက်စုံလူမှုကူညီရေးအသင်း