ထူးချွန်သောအမျိုးသမီးများဖြစ်စေရန် ပံ့ပိုးပျိုးထောင်ပေးသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်မှ ကမ္ဘာ့အမျိုးသမီးများထိပ်သီးညီလာခံသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမျိုးသမီးများနှင့် မိန်းကလေးများ၏ ဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ကာ အမျိုးသမီးများနှင့် မိန်းကလေးများကို ဦးစားပေးအကျိုးခံစားသူများအဖြစ်သတ်မှတ်၍ ပြည်သူ့လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် “သေးငယ်သော်လည်းကောင်းမွန်သည့်” စီမံကိန်းပေါင်း (၁,၀၀၀)ကို ပံ့ပိုးကူညီပေးမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
အမျိုးသမီး(၅၀,၀၀၀)ဦးကို တရုတ်နိုင်ငံတွင် ကူးလူးဖလှယ်ရေးနှင့် သင်တန်းများတက်ရောက်ရန်ဖိတ်ကြားသွားမည်ဖြစ်ကာ “The Global Center for Women’s Capacity Building”ကိုတည်ထောင်ပြီး သက်ဆိုင်ရာနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်း၍ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဖော်ဆောင်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လာမည့်(၅)နှစ်အတွင်း တရုတ်နိုင်ငံသည် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့အစည်း(UN Women)သို့ အမေရိကန်ဒေါ်လာ(၁၀)သန်းထပ်မံလှူဒါန်းမည်ဖြစ်ကာ Global Development and South-South Cooperation Fund အတွက်လည်း ရန်ပုံငွေအမေရိကန်ဒေါ်လာသန်း(၁၀၀)ထောက်ပံ့ပေးမည်ဟုလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း သိရသည်။
