အငြင်းပွါးနေသော ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် အပ-စ်အခတ်ရပ်စဲရေးနှင့် စောင့်ကြည့်ရေး ယန္တရားများနှင့် ပတ်သက်သည့် တရားဝင်ဆွေးနွေးပွဲများအတွက်ပြင်ဆင်ရန် ဗုဒ္ဓဟူးနေ့တွင် နှစ်ဖက်စစ်ဘက်ကိုယ်စားလှယ်များသည် ထိုင်းဘက်ခြမ်း ချန်ထာဘူရီပြည်နယ်တွင် အစည်းအဝေးကျင်းပခဲ့ကြသည်။
အတွင်းဝန်ရုံးအဆင့် အထွေထွေနယ်ခြားကော်မတီ (ဂျီဘီစီ) အစည်းအဝေးကို ဘန်ဖက်ကတ် အမြဲတမ်းနယ်စပ်စစ်ဆေးရေးဂိတ်တွင် စတင်ခဲ့သည်။ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့သည် ကနဦးဆွေးနွေးပွဲအတွက် ဒေသစံတော်ချိန် ညနေ ၄း၂၅ နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။
ကနဦးဆွေးနွေးပွဲသည် ကြာသပတေးနေ့ နံနက် ၉ နာရီတွင် ကျင်းပရန် စီစဉ်ထားသည့် ကိုယ်စားလှယ်များစုံညီအစည်းအဝေးအတွက် အစည်းအဝေး အစီအစဉ်များကိုချမှတ်ရန် အဓိကထားကြောင်း ထိုင်းဘက်ခြမ်းမှ ဂျီဘီစီအတွင်းရေးမှူး နတ်ထာဖွန် ပရာအိုကောက အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးသည် ၎င်းတို့သက်ဆိုင်ရာ ရပ်တည်ချက်အသီးသီးကို ဖလှယ်ပြီးဖြစ်ကြောင်း နာထာဖွန်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားသော တတိယအကြိမ်မြောက် ဂျီဘီစီအထူးအစည်းအဝေးအတွက် ပြင်ဆင်ရန် ကိစ္စများကို ဤအစည်းအဝေး၌ ဆွေးနွေးပြီး စာရွက်စာတမ်းများကို ဖလှယ်ကြ မည်ဖြစ်ကာ ရန်လိုမှုများကို ရပ်တန့်သွားစေရန် နှစ်နိုင်ငံအကြား တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် ဖြေရှင်းနည်းများကို ရှာဖွေဖို့အပြင် ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်ရောက်အောင် ကူညီပေးသွားမှာပါဟု ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချီတာက ပြောကြားခဲ့သည်။
အတွင်းဝန်ရုံးအဆင့် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကွန်စီရီက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ ကနဦးဆွေးနွေးမှုများ ကို ချောချောမွေ့မွေ့ဆောင်ရွက်နိုင်လျှင် စနေနေ့တွင် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများအကြား အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
Ref: သည်နေရှင်း
