ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှား၊ ထိုင်း ရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ်(၁၃၃)ဘီလီယံတန်ဖိုးရှိ အိုက်စ်-မက်သ်အဖက်တမ်င်း ( ၁ဒဿမ၅၈တန်) နှင့် ကတ်တမင်း(၁ဒဿမ၈တန်ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၂၇)ရက်က သတင်းအရ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ၁၉ ရပ်ကွက် ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရွှေမောင်ဆန်း၊ မင်းဇော်လှိုင်(ခ)မင်းဇော်၊ အောင်ကျော်မျိုး(ခ)ငပိန်၊ မောင်မောင်သန်း(ခ)ဝင်းသန်းတို့ လေးဦးကို ကတ်တမင်း ၁ ဒဿမ ၈ တန်ကျော် မော်တော်ယဉ်(၃)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုနောက် စစ်ဆေးချက်များအရ ၁၉ ရပ်ကွက်ရှိ ဂိုဒေါင်၌ အိုက်စ်(မက်သ်အဖတ်တမင်း) ၁ ဒဿမ ၅၈ တန်နှင့် ကတ်တမင်း ၆၀ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ်(၁၃၃ ဒဿမ ၇၅) ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။
ထိုနောက် ဆက်လက်ဖော်ထုတ်မှုများအရ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ စိတ်ပြောင်းဆေးဝါးများ သယ်ဆာင်လာသည့် မြတ်မင်းကို နှင့် ပြည့်စုံအောင်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မိုင်းရယ်မြို့မှ သယ်ဆောင်လာသည့် ဇော်နိုင်ဦးနှင့်နေမင်းကျော်ထွေးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုပြင် ရှမ်းပြည်မြောက်ပိုင်းမှ ရန်ကုန်သို့ တာဝန်ခံသယ်ဆောင်ပေးနေသည့် ကိုကိုကျော်ရဲနောင်ကိုလည်း ဖမ်းဆီးခဲ့ပြီး ပူးပေါင်းပါဝင်သူများဖြစ်သည့် နိုင်ဝင်ထွေး(ခ)အငယ်လေး၊မျိုးဝင်း(ခ) မျိုးကြီးနှင့် တင်ကိုကိုလင်းတို့ကိုလည်း လားရှိုးမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျုးလွန်သူများကို ဆက်လက်ဖော်ထုတ်နေကြောင်းလည်း သိရသည်။
