မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်သည် ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့နှင့် ဖုန်းဆက်သွယ်၍ နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဒီဇင်ဘာလ ၉ ရက် အင်္ဂါနေ့က ဖုန်းပြောခဲ့ကြခြင်းဖြစ်သည်ဟု အန်ဝါက ထုတ်ဖော်ပြောဆိုသည်။
“တင်းမာမှုကို လျှော့ချဖို့နဲ့ အခြေအနေကို ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ နားလည်မှုလွဲမှားတာမျိုး မဖြစ်လိုတဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ပွင့်လင်းမှုနဲ့ ဆန္ဒရှိမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
အပြီးသတ် ဖြေရှင်းချက်မျိုး မရရှိခဲ့သော်ငြားလည်း ယခုကဲ့သို့ အရေးကြီးသောအချိန်အခါတွင် သံတမန်ရေးကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ပြုလုပ်ခြင်းသည် နောက်ထပ်ပြင်းထန်သော ဖြစ်ရပ်များမဖြစ်စေရန်ဖြစ်သည်။
ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အခြေခံသည့်ဆွေးနွေးညှိနှိုင်းမှုများ၊ ဖြေရှင်းမှုများကို မလေးရှားနိုင်ငံက ဆက်လက်ထောက်ခံသွားမည်ဟု အန်ဝါက ထပ်လောင်းပြောကြားခဲ့သည်။
Ref: ခမာတိုင်းမ်စ်
