ထိုင်းလိဂ်ကလပ်များ၌ ဝင်ရောက်ကစားနေသည့် မြန်မာလက်ရွေးစင်ဘောလုံးကစားသမားများဖြစ်သည့် အောင်ကောင်းမာန်၊ ငြိမ်းချမ်းအောင်နှင့်စည်သူအောင်တို့သည် ထိုင်းလိဂ်အသင်းသစ်များနှင့် စာချုပ်သစ်များအသီးသီးချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းလိဂ်ကလပ်အူဒုံအသင်း၌ ဝင်ရောက်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်ကောင်းမာန်သည် ယခုရာသီတွင် ထိုင်းလိဂ်(၁) ကလပ်ဖြစ်သည့် ချောင်ဘူရီအသင်းသို့ တစ်ရာသီခွဲသက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ တစ်ရာသီခွဲစာချုပ်ချုပ်ဆိုခဲ့သော်လည်း တိုက်စစ်မှူးအောင်ကောင်းမာန်သည် ယခုနှစ်ရာသီတွင် ချောင်ဘူရီအသင်းအတွက် ကစားမည်မဟုတ်ဘဲ ထိုင်းလိဂ်ကလပ်အသင်းတစ်သင်းထံ အငှားသွားရောက်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းလိဂ်(၂)ကလပ် နာခွန်ဆီအသင်း၌ ကစားနေသည့် မြန်မာကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်မှာလည်း ထိုင်းလိဂ်(၃)ကလပ် မြောက်ထရန်အသင်းသို့ ရာသီဝက်စာချုပ်ဖြင့်ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။
ထို့အတူ မြန်မာတောင်ပံတိုက်စစ်ကစားသမား စည်သူအောင်သည် ထိုင်းလိဂ်(၂)အသင်းဖြစ်သည့် အယုဒ္ဓယအသင်းသို့ ရာသီဝက်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။
စည်သူအောင်သည် အယုဒ္ဓယအသင်းသို့မပြောင်းရွှေ့မီ ချွန်ဘူရီအသင်းနှင့်ဘောလုံးရာသီမပြီးဆုံးခင် စာချုပ်ဖျက်သိမ်းခဲ့သူဖြစ်ကြောင်း သိရသည်။

