ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံရှိ စက်ရုံ/အလုပ်ရုံများ၌ အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် MoU ကိုယ် စားလှယ်များအား နိုဝင်ဘာ ၂၄ ရက်က အသိပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပြုလုပ်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများသည် ကိုဗစ်(၁၉)ရောဂါကာလ၌ မြန်မာနိုင်ငံသို့ပြန်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် အခက်အခဲများရှိခဲ့သည်။
ထို့ကြောင့် မြန်မာသံရုံး၊ဗန်ကောက်မြို့တွင် နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးခြင်းအား သက်တမ်းကုန် PJ စာအုပ်ကိုင်ဆောင်ထားသူများအ တွက် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ စီမံချက်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံရှိ စက်ရုံ/အလုပ်ရုံများနှင့်ပြင်ပလုပ်ငန်းခွင်များတွင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားဦးရေ ၂၂၀၀၀ ခန့် ကျန်ရှိနေသည်ဟု မြန်မာသံရုံး၊ဗန်ကောက်မြို့က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် စက်ရုံ၊အလုပ်ရုံ၊ MoU ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန်သူများအား ရွေးထုတ်စာရင်းပြု စု၍ မြန်မာသံရုံး၏ ကောင်စစ်ဌာန(ဦးမျိုးဇော်သောင်း၊ဒေါ်ခင်မာလာဝင်း)ထံသို့ နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ သတ်မှတ်ပုံစံလူစာရင်းနှင့်အတူတင်ပြရမည်ဟု အသိပေးခဲ့သည်။
ယခင်က တန်းစီ၍တိုကင်ရက်ချိန်းရယူထားသူ များ၊ Call Center မှ ရက်ချိန်းရယူထားသူများ၊ သံဃာတော်များ၊ အရေးပေါ်ဆေးရုံတက်လူနာများ၊ ကျောင်းသားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်အတိုင်း မြန်မာသံရုံးသစ်၊ကောင်စစ်ဌာနတွင် ပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့အတူ ၂၀၂၂ ခုနှစ်၏ သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာ ရွှေ့ ပြောင်းလုပ်သားများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှစ၍ ယခင်အတိုင်း ပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်သည်။
