ကမ္ဘောဒီးယားအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံ၊ ပရေချမ်းကျေးရွာတွင် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ကမ္ဘောဒီးယားအရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည့် ထိုင်းစစ်တပ်၏ ပစ်ခတ်မှုကို တုန့်ပြန်မည့်အစီအမံများကို ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ကြေငြာချက်တွင် ကမ္ဘောဒီးယားသည် ဖနောင်ပင်မြို့ရှိ ထိုင်းတော်ဝင်သံရုံးမှတဆင့် တရားဝင် ကန့်ကွက်ခဲ့ပြီး အာဆီယံ လေ့လာသူအဖွဲ့နှင့်အတူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။
အစိုးရသည် စုံစမ်းစစ်ဆေးမှုတွင် “အကျိုးစီးပွားပါဝင်သူမိတ်ဖက်အားလုံး၏ ပံ့ပိုးမှုနှင့် ပူးပေါင်းပါဝင်မှု” ကို ပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ပြီး နယ်စပ်တင်းမာမှုများ မြင့်တက်လာချိန်တွင် ပွင့်လင်းမြင်သာမှုနှင့် ဒေသအဆင့် ကြီးကြပ်မှုအတွက် ကတိကဝတ်ပြုကြရန် လိုအပ်ချက်ကို အချက်ပြခဲ့သည်။
“ကမ္ဘောဒီးယား တော်ဝင်အစိုးရက ကမ္ဘောဒီးယားအရပ်သားများကို ထိုင်းစစ်တပ်က စတင် ပစ်ခတ်မှုကို အပြင်းထန်ဆုံး ရှုတ်ချပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
“ဒီဖြစ်ရပ်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ဆိုးရွားစွာ ချိုးဖောက်မှုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ အရှေ့တောင်အာရှရဲ့ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) တို့ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်ပါတယ်” ဟုဖေါ်ပြထားသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်အသက်ဝင်သည့် အပစ်ရပ် စာချုပ်ကိုလက်မှတ် ရေးထိုးပြီးကတည်းက ကမ္ဘောဒီးယားသည် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဌာနကပြောကြားခဲ့သည်။
“နိုင်ငံနှင့်ဒေသတစ်ခုလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့အတွက် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဥပဒေနှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးဆိုင်ရာ ကတိကဝတ်များဆီသို့ ပြန်လည်ရောက်ရှိရန် ကမ္ဘောဒီးယားက တောင်းဆိုထားသည်။
Ref: ခမာတိုင်းမ်စ်
