ထိုင်းနိုင်ငံ၏ ရက်(၁၂၀)စီမံချက်အရ မြန်မာနိုင်ငံသားအပါအဝင်နိုင်ငံခြားသား ( ၂၆,၀၀၀) ကျော် ဖမ်းဆီးရမိထားသည်ဟု ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနမှ သတင်းထုတ်ပြန်ချက်အပေါ် ထိုင်းနိုင်ငံအခြေစိုက် မြဝတီ မဲဆောက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းအရေအတွက်သည် ယခုလ ဇွန် (၅) မှ (၁၂)ရက်အထိ ရက်သတ္တပတ်ကြာကာလအတွင်း ထိုင်းနိုင်ငံအတွင်းရှိစက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်းခွင်ပေါင်း (၁,၇၇၄) နေရာတို့၌ ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား (၂၀,၁၁၁) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား (၃,၉၇၁) ဦး၊ လာအိုနိုင်ငံသား (၁,၆၅၉) ဦးနှင့် အခြားနိုင်ငံသား (၄၄၄) ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသားအလုပ်သမား (၂၆,၁၈၉)ဦးတို့အား တရားဝင်နေထိုင်လုပ်ကိုင်ခွင့်အထောက်အထားမရှိခြင်းနှင့် အထောက်အထား မပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် အဆိုပါ အရေအတွက်အနက် မြန်မာနိုင်ငံသား (၁၉၀) ဦး၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား (၈ )ဦးနှင့် အခြားနိုင်ငံခြားသား (၄) ဦးတို့ကို တရားစွဲဆိုထားပြီးကျန်ဖမ်းဆီးခံရသူများအား ပြစ်မှုအလိုက် ဒဏ်ငွေရိုက်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အရေးယူမှုများပြုလုပ်ခဲ့ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ထိုင်းနိုင်ငံအလုပ်သမားဥပဒေအရ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့်
အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိသော်လည်း ခွင့်ပြုထားသည့်နေရာ၌ လုပ်ကိုင်ခြင်းမရှိဘဲ အခြားနေရာတွင် သွားရောက်လုပ်ကိုင်ခြင်း (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ငန်းခွင်တစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်မှုများအား စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် (၅,၀၀၀ )မှ ဘတ် (၅၀,၀၀၀)အထိ ပေးဆောင်ရမည်ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (၂) နှစ်ပိတ်ခံရမည်ဖြစ်ကာ မူရင်းနေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
