ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ ကရာဘီတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ထုတ်ပေးရေး Mobile Unit (၁)ခုကို အောက်တိုဘာ ၁၀ ရက်မှစတင်၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံမှ သိရသည်။
ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ ဆူရတ်ဌာနီတွင် CI စခန်း (၁ခုဖွင့်လှစ်ထားပြီး ယင်း ဒေသမှအလုပ်သမားများသည် ထိုင်းနိုင်ငံ(အလယ်ပိုင်း)ရှိ စမုစခွန်နှင့် စမုပရာကန် CI စခန်းများသို့လာရောက်ပြုလုပ်နေရသဖြင့် စခန်းများတွင် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိသည့် ဖူးခက်နှင့် ဖန်းင၊ ကော့စမွီးကျွန်းများရှိ မြန် မာရွှေ့ပြောင်းအလုပ်သမားများ CI ဝန်ဆောင်မှုများကို မြန်ဆန်လွယ်ကူစွာရရှိနိုင်ရေးအတွက် ကရာဘီတွင် Mobile Unit (၁)ခုကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ CI လျှောက်ထားရာတွင် ဘတ်(၂,၆၇၀)သာကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအ လုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီပြည်နယ်များတွင် သြဂုတ် ၆ ရက်မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
