ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် ထုန်ဖါဖွမ် ခရိုင်ရှိ ဘုရားကျောင်းတစ်ခု၏ ကားရပ်နားရာနေရာတွင် တနင်္လာနေ့ညပိုင်းက ရပ်တန့်ထားသော ယာဉ်သုံးစီးအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၅၃ ဦးကို တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။
တနင်္လာနေ့ ည ၁၀ နာရီကျော်ခန့်က အဆိုပါနေရာရှိ မသင်္ကာဖွယ် ယာဉ်လေးစီးကို ခရိုင်တာဝန်ရှိသူများနှင့် ကာကွယ်ရေး စေတနာ့ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့သည်။
ယာဉ်လေးစီးအနက်တစ်စီးသည် အဆိုပါနေရာမှ မောင်းထွက်ပြေးသွားခဲ့ပြီး ကျန်ယာဉ်သုံးစီးပေါ်တွင် ၂ နှစ်သားကလေးတစ်ဦးအပါအဝင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူ ၅၃ ဦးကို တွေ့ရှိခဲ့ကြသည်။ ယာဉ်မောင်းအားလုံးသည်လည်း ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့ထဲမှ ထိုင်းစကားပြောတတ်သူအချို့က သူတို့သည် အလုပ်ရှာဖွေသူများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ မြို့အသီးသီးမှလာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ သူတို့သည် ဘုရားသုံးဆူမြို့တွင် စုဝေးခဲ့ကြပြီး မြန်မာလူမှောင်ခိုသမားများ၏ လမ်းပြမှုဖြင့် တောလမ်းအတိုင်း နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်သို့ ဝင်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့သည် ကန်ချနာဘူရီပြည်နယ် မြောင်ခရိုင်သို့ ဦးတည်သွားနေခြင်းဖြစ်သည်။
ယင်းနေရာသို့ ရောက်ရှိပါက ၎င်းတို့သည် လူမှောင်ခိုသမားကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အသီးသီးပေးကြရမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု ဆိုသည်။
Ref: ဘန်ကောက်ပို့စ်
