တနင်္သာရီတိုင်းအတွင်းမှ ထိုင်းနိုင်ငံသို့ ငါးသွားရောက်ရောင်းချနေသည့် ကမ်းနီးငါးသယ်လှေများတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ် (VMS) တပ်ဆင်ရမည်ဖြစ်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်းဆီးခြင်းဆောင်ရွက်နေသည့် ကမ်းဝေးငါးဖမ်းလှေကြီးများတွင် (VMS) တပ်ဆင်ထားသလို ငါးသယ်လှေကြီးများတွင်လည်း(VMS) တပ်ဆင်ထားပြီးဖြစ်ကြောင်းနှင့် (VMS) တပ်ဆင်ရာတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပြီး တပ်ဆင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက လှေနှင့် လုပ်ငန်းပါ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပင်လယ်ပြင်အတွင်း လုပ်ကိုင်လျက်ရှိသည့် ငါးဖမ်းလှေများနှင့် ငါးသယ်လှေများကို နေပြည်တော်၊ ရန်ကုန်နှင့် မြိတ်မြို့တို့တွင် စောင့်ကြည့်ရေးစင်တာများထားရှိကာ စောင့်ကြည့်ဆောင်ရွက်နေပြီး ကမ်းဝေးငါးဖမ်းလှေကြီးများနှင့် ငါးသယ်လှေကြီးများတွင် (VMS) ကို အချိန်ပြည့်တပ်ဆင်ထားရပြီး ငါးဖမ်းရာသီရပ်နားထားရသည့်အချိန်များတွင်လည်း (VMS) တပ်ဆင်ကာ လစဉ်ကြေးပေးဆောင်ရကြောင်းလည်း သိရသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလ Closed Season အား ငါးဖမ်းလှေအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နှစ်လမှ သုံးလအထိ ပိတ်သိမ်းရပြီး ငါးသားပေါက်ရာသီ (သို့မဟုတ်) ငါးမဖမ်းရရာသီအား ဧပြီ၊ မေ၊ ဇွန်လများအဖြစ် သတ်မှတ်ထားကာ တစ်နှစ်လျှင် ရှေ့တစ်လစီတိုး၍ သတ်မှတ်သွားမည့်အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းကွက်များအား ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာသတ်မှတ်ခြင်းကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၂၃ အရ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
Photo Credit- မြ၀တီ