ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် MoU (၄) နှစ်ပြည့် မြန်မာအလုပ်သမားများနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်စာအုပ်ကိုင်ဆောင်သည့် မြန်မာအလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်ရာတွင် OWIC ကတ်တန်ဖိုး ဘတ်၂၅၀/အား ဩဂုတ် (၁၈) ရက်မှစတင်၍ ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ဘတ် ၁,၂၅၀ သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားသည်။
မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာသည့် အချိန်မှသာ OWIC ကတ်အား သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါ ရှိသည်။
ထို့အပြင် မြန်မာလုပ်သားများအား MoU လုပ်ငန်းစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ မထွက်ခွာမီ (၅)နှစ်သက်တမ်းရှိသော PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ပေးနေပြီး အဆိုပါ MoU လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၌ (၄) နှစ်ကြာ အလုပ်လုပ်ကိုင်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်သားများသည် U-Turn အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်လာရောက်လိုပါက မြန်မာနိုင်ငံအတွင်း ၌ MoU ၏ U-Turn လုပ်ငန်းစဉ်ကို ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
Photo-အလုပ်သမားသံအရာရှိရုံး