လွန်ခဲ့သော နှစ်ပေါင်း၅၀ ခန့်က သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ထိုင်းဘုရင်မင်းမြတ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ထိုင်းနှင့် ဆက်ဆံရေးကို ပိုမိုနီးကပ်စေရန် ဆောင်ရွက်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုပြောကြားခဲ့သည်။
နန်းတက်ပြီး ၉ နှစ်အကြာတွင် ရှားရှားပါးပါး ပြည်ပခရီးစဉ်အအဖြစ် ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း ဖရာ ဝဇီရကလောင်ချောင်ယူဟွာသည် တနင်္လာနေ့ထိတိုင် ၎င်း၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် မိဖုရား စုသီတာ ဘာဂျရာသုဒါဘီမာလက်ရှနာနှင့်အတူ ပေကျင်းတွင်ရှိနေမည် ဖြစ်သည်။
တရုတ်နှင့်ထိုင်း နှစ်နိုင်ငံသည် “မိသားစု” ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် အရေးပါသော ပေါင်းဖက်မှုကို အားကောင်းခိုင်မာမည်ဟု မစ္စတာရှီက တော်ဝင်ဇနီးမောင်နှံကို ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်-ထိုင်း ရထားလမ်းချိတ်ဆက်မှုအပြင် ညဏ်ရည်တု၊ အာကာသနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်လာသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းဘုရင်မင်းမြတ်သည် နိုင်ငံတော်ခရီးစဉ်အတွက် ပထမဆုံးအဓိကနေရာအဖြစ် တရုတ်နိုင်ငံကို ရွေးချယ်ခဲ့ခြင်းသည် တရုတ်-ထိုင်း ဆက်ဆံရေးအပေါ် ၎င်း၏ အလေးထားမှုကို အထင်အရှားပြသနေပါကြောင်းလည်း မစ္စတာရှီက ပြောဆိုသည်။
ထိုင်းနိုင်ငံသည် စစ်အေးခေတ်ကာလတွင် အမေရိကန်ပြည်ထောင်စု၏ အဓိကမဟာမိတ်ဖြစ်သော်လည်း ယခုအခါ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်နေပြီး ဘန်ကောက်နှင့် ပေကျင်းအကြား ဆက်ဆံရေးသည်လည်း မကြာသေးမီ နှစ်များအတွင်း နွေးထွေးလာခဲ့သည်။
မကြာသေးမီက နှစ်နိုင်ငံသည် နယ်စပ်ဒေသများတွင် လည်ပတ်ဆောင်ရွက်နေသော ဆက်သွယ်ရေးလိမ်လည်မှုများနှင့် တရားမဝင်လောင်းကစားဂိုဏ်းများကို နှိမ်နင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
