ထိုင်းနိုင်ငံ၊ပထုန်ဌာနီခရိုင်၊ပထုန်ဌာနီမြို့နယ်၊ လတ် ၆ ကျေးရွာအုပ်စုတွင် ဇန်နဝါရီ ၂၆ ရက် (ယနေ့)နံနက်ပိုင်းက မြန်မာနိုင်ငံသားတစ်ဦး ၅ ထပ်တိုက်ပေါ်မှပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီခွဲခန့်က ပထုမ်ဌာနီမြို့နယ်တွင်တိုက်ပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း သတင်းအရ လန်စင်ရဲစခန်းမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
အခင်းဖြစ်နေရာ၌ သေဆုံးသူသည် ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင်တက်ရောက်နေသည့် မြန်မာနိုင်ငံသား မောင်ဖြိုးကျော်ခိုင်(၂၁)နှစ် ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။
ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအားလိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ရန် လူမှုကူညီရေးအသင်းကားဖြင့် ထမဆတ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သေဆုံးသူသည် ယင်း တိုက်ခန်း၌တစ်ဦးတည်းနေထိုင်သူဖြစ်ကာ ၎င်းအသုံးပြုသည့် ဖုန်းအတွင်းမှ ဆွေမျိုးများအားနှုတ်ဆက်သော စာသားများရေးသားပေးပို့ထားသည့် message များအား တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။