ဂျပန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်လာခြင်းနှင့်ပတ်သက်၍ တရုတ်က ကုလသမဂ္ဂကို တင်ပြခဲ့ပြီး တိုကျိုသည် ထိုင်ဝမ်ကိစ္စကို စစ်ရေးအရ ခြိမ်းခြောက်နေကြောင်းစွပ်စွဲခဲ့ကာ နှစ်ပတ်ကြာ သံတမန်ရေးအငြင်းပွားနေမှုအတွင်း အပြင်းထန်ဆုံး စကားလုံးများကိုသုံး၍ မိမိကိုယ်ကို ခုခံကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဖူကောင်သည် သောကြာနေ့တွင် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုင်ဝမ်အပေါ် တရုတ်က တို-က်ခိုက်လာနိုင်ခြေနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ သဘောထားမှတ်ချက်များသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်စံနှုန်းများကို ဆိုးရွားစွာ ချိုးဖေ-ာက်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်ဟု ရို-က်တာသတင်းဌာနကို ကိုးကား၍ နူးစ်အေဇက်က သတင်းဖော်ပြခဲ့သည်။
“ဂျပန်သည် ရေလက်ကြားဖြတ်ကျော် ပြဿနာကို လက်နက်ကိုင်၍ ဝင်ရောက် ဖျန်ဖြေရန် ကြိုးပမ်းရဲပါက ရန်လိုသောလုပ်ရပ်ဖြစ်လိမ့်မည်” ဟု ဖူကောင်က ရေးသားခဲ့သည်။ ဆက်လက်၍ “တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသားကျင့်သုံးသွားမည်ဖြစ်ကာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အခိုင်အမာကာကွယ်သွားမည်” ဟု ဖော်ပြခဲ့သည်။
ပေကျင်းသည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်ကို ၎င်းပိုင်သောနယ်မြေအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံး ထိန်းချုပ်သွားမည်ဟု ဆိုထားခဲ့သည်။ ထိုင်ဝမ်ကမူ ပေကျင်း၏ ရှုမြင်ချက်ကို ပယ်ချကာ ကျွန်းဒေသ၏ အနာဂတ်ကို ၎င်း၏ ပြည်သူများကသာ ဆုံးဖြတ်မည်ဟု အခိုင်အမာပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် ရန်စမှုများကို ရပ်တန့်ရန်နှင့် ၎င်း၏ မှားယွင်းသော မှတ်ချက်စကားများကို ပြန်လည်ရုပ်သိမ်းရန် ဖူက တောင်းဆိုခဲ့ပြီး တိုကျိုသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများကို စိန်ခေါ်သည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။
Ref: နူးစ်အေဇက်
