ဒီဇင်ဘာ ၂၇
ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်အစိုးရက ထိုင်ဝမ်သို့ လက်နက်အများအပြားရောင်းချသည့် အစီအစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် အမေရိကန် ကာကွယ်ရေးကုမ္ပဏီ ၂၀ နှင့် အဆိုပါလုပ်ငန်းနယ်ပယ်မှ အဆင့်မြင့်အမှုဆောင်အရာရှိ ၁၀ ဦးတို့ကို သောကြာနေ့တွင် အရေးယူပိတ်ဆို့မှုများကို ချမှတ်လိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကုမ္ပဏီများနှင့် အမှုဆောင်အရာရှိများသည် ထိုင်ဝမ်ကျွန်းသို့ လက်နက်တပ်ဆင်ပေးရာတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး “နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ခိုင်မာစွာကာကွယ်ရန်အတွက် ပြတ်သားပြီး ပြင်းထန်သောအစီအမံများကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု ကတိပြုပြောကြားခဲ့သည်။
“ထိုင်ဝမ်ရေးရာကိစ္စတွင် စည်းကျော်ရန် ကြိုးပမ်းသူ သို့မဟုတ် ရန်စသူ မည်သူကိုမဆို တရုတ်နိုင်ငံ၏ ပြတ်သားသော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်သည့် မည်သည့်ကုမ္ပဏီ သို့မဟုတ် တစ်ဦးတစ်ယောက်မဆို ၎င်းတို့၏ မှားယွင်းသောလုပ်ရပ်အတွက် ထိုက်တန်သည့် တန်ဖိုးကို ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း” ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဒီဇင်ဘာလ ၁၇ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁၁.၁ ဘီလျံတန်ဖိုးရှိ လက်နက်များရောင်းချပေးရန် ကမ်းလှမ်းချက်ကို အတည်ပြုပေးခဲ့ကြောင်း ကြေညာခဲ့ပြီး အဆိုပါကမ်းလှမ်းချက်သည် ထိုင်ဝမ်၏သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လက်နက်ဝယ်ယူမှုဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ရောင်းချမှုအတွက် အမေရိကန် ကွန်ဂရက်စ်လွှတ်တော်၏ အတည်ပြုချက်လည်း လိုအပ်မည်ဖြစ်ပေသည်။
အဆိုပါလက်နက်များတွင် ဟိုင်းမာ့စ် ခေါ် ရွေ့ရှားနှုန်းမြင့် ဒုံးပျံ ၈၂ ခုအတွက် ဒေါ်လာ ၄ ဘီလျံ၊ အလိုအလျောက်ပ-စ်နိုင်သော ဟောင်းဝစ်ဇာအမြောက် ၆၀ စုံအတွက် ဒေါ်လာ ၄ ဘီလျံနှင့်အတူ “နည်းဗျူဟာမြောက် စစ်ဆင်ရေး” ဆော့ဖ်ဝဲလ်များ၊ ဂျက်ဗလင်တင့်ကားဖျ-က်ဒုံးကျည်များ၊ ရဟတ်ယာဉ် အပိုပစ္စည်းများနှင့် ဟာပွန်းသင်္ဘောဖျ-က်ဒုံးကျည်များကို ပြန်လည်ပြုပြင်မည့် ကိရိယာများအတွက် ဒေါ်လာ ၃ ဘီလျံ တန်ကြေးရှိသည့် စစ်လက်နက်များ ပါဝင်ပေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယခုကဲ့သို့လက်နက်ရောင်းချပေးမှုအစီအစဉ်သည် “တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို ပြင်းထန်စွာ ချိုးဖေ-ာက်နေပြီး၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးကို ထိပါးစေသည်” ဟု ပြောကြားခဲ့ပါသည်။
Ref: မိုင်နျူးစ်
