ထိုင်ဝမ်ကို အင်အားသုံးမည့်ရပ်တည်ချက်ကို စွန့်လွှတ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စည်းရုံးနိုင်ခဲ့ပါက နို့ဘဲလ်ငြိမ်းချမ်းရေးဆုကို ရထိုက်သည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်းတေက ကွန်ဆာဗေးတစ်အမေရိကန်ရေဒီယို အစီအစဉ်တစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
တရားဝင် သံတမန်ဆက်ဆံရေးမရှိသော်လည်း အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်၏ အရေးအကြီးဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံတစ်ခုဖြစ်သည်။
သို့ရာတွင် ထရမ့်ပ်သည် ယခုနှစ်အစောပိုင်းတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ပြီးကတည်းက ကျွန်းဒေသသို့ မည်သည့်လက်နက်အရောင်းအဝယ်မျိုးကိုမျှ ကြေညာခဲ့ခြင်း မရှိသေးပေ။
ထရမ့်ပ်သည် ယခုလအနှောင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်မည့် အာရှ-ပစိဖိတ်ခေါင်းဆောင်များ အစည်းအဝေးတွင် ရှီနှင့် တွေ့ဆုံနိုင်ခြေရှိသည်။
သူသမ္မတဖြစ်နေစဉ်ကာလအတွင်း တရုတ်က ထိုင်ဝမ်ကို မကျူးကျော်ဟု ရှီက သူ့ကို ပြောခဲ့သည်ဆိုသော သြဂုတ်လအတွင်းက ထရမ့်ပ်၏ ပြောစကားကို ယခုသီတင်းပတ် ရေဒီယိုအစီအစဉ် The Clay Travis and Buck Sexton Show တွင် လိုင်က ကိုးကားပြောကြားခဲ့သည်။
“သမ္မတထရမ့်ပ်ရဲ့ ထောက်ခံမှုကို ဆက်လက်ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ထိုင်ဝမ်အပေါ် စစ်ရေးရန်စမှုမျိုးကို ရှီကျင့်ဖျင် အပြီးတိုင်စွန့်လွှတ်သွားအောင် သမ္မတထရမ့်ပ်က စည်းရုံးတိုက်တွန်းခဲ့မယ်ဆိုရင် သမ္မတထရမ့်ပ်က နို့ဘဲလ်ငြိမ်းချမ်းရေးဆုရဖို့ရာ သေချာပါတယ်” ဟု လိုင်က ပြောကြားသွားခဲ့သည်။
Ref: အမ်အက်စ်အင်န်
