နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ သော်ကလမ်းရှိ “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ် လုပ်ရေးမှ (၅)ကြိမ်မြောက်အဖြစ် အနွေးစောင်အထည် (၂,၀၀၀)ကို ယနေ့ ဒီဇင်ဘာ ၂၅ ရက်(ခရစ်စမတ်နေ့) ညနေ ၄ နာရီခွဲက လှူဒါန်းခဲ့သည်။
” နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ဆောင်းရာသီရဲ့အ အေးဒဏ်ကိုအံတုနေရတဲ့ မိဘပြည်သူ(၇)ရက်သားသမီးတွေကို ထိုက်သူပန် မိသားစုနဲ့ (၇)ရက်သားသမီးတွေစုပေါင်းပြီး အနွေးဓာတ်အလှူ လှူဒါန်းကုသိုလ်ပြုနေခဲ့တာ ၅ နှစ်ကျော်ခဲ့ပါပြီ။ ပထမဆုံးနှစ်မှာ စောင်အထည်(၁,၂၀၀)စလှူခဲ့ပါတယ်”ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ပဲ့ကိုင်ရှင် ဦးစိုးလှမြင့်က ပြောသည်။
ထိုသို့ စတင်လှူဒါန်းပေးခဲ့သော်လည်း လာရောက်အလှူ ခံသည့် အလှူခံပုဂ္ဂိုလ်အရေအတွက်နှင့် လောက်ငှမှုမရှိခဲ့သဖြင့် ဒုတိယအကြိမ်မှစတင်ကာ အနွေးစောင်အ ထည်(၂,၀၀၀)လှူဒါန်းပေးခဲ့သည်ဟု ဦးစိုးလှမြင့်က ဆက်လက်ပြောကြားခဲ့သည်။
အနွေးစောင်များလှူဒါန်းရာတွင် အမှန်တကယ်လိုအပ်သည့်သူများရရှိနိုင်ရန် ဒီဇင်ဘာ ၂၃ ရက်နှင့် ဒီဇင်ဘာ ၂၄ ရက်တို့က တုံကင်များအား “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်၌ထုတ်ပေးခဲ့ပြီးနောက် အနွေးစောင်များအား အိတ်များဖြင့်သေချာစွာထုတ်ပိုးကာ လမ်းလျှောက်နိုင်သည့်ကလေးငယ်မှစကာ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
