ကိုယ်အလေးချိန် လျှော့ချရေးဆေးဝါးများ၏ ကုန်ကျစရိတ်ကိုဖြ-တ်တောက်မည့် အမိန့်ကြေညာပွဲတစ်ခုကို အိမ်ဖြူတော်တွင် ကြာသပတေးနေ့ကပြုလုပ်နေစဉ် ယင်းအခမ်းအနားသို့တက်ရောက်လာသော ဆေးဝါးကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦး ရုတ်တရက် သတိလစ်သွားခဲ့ရာ၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကိုယ်တိုင်က ထိုပွဲကို ခေတ္တဆိုင်းငံ့ခိုင်းလိုက်သည်။
စျေးနှုန်းလျှော့ချရေး သဘောတူညီချက်ကို ကြေညာရန် ဖိတ်ကြားထားသည့် ဆေးဝါးကုမ္ပဏီနှစ်ခုမှ အကြီးအကဲတစ်ဦး စကားပြောနေချိန်တွင်၊ ထိုသူ၏နောက်မှ ရပ်နေသည့် အဆိုပါ အမျိုးသားသည် သတိလစ်ကာ လဲကျသွားခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ထိုင်နေလျက်ရှိသော ထရမ့်သည် လျင်မြန်စွာ မတ်တပ်ထရပ်ခဲ့ကာ၊ ဘေးမှလူအချို့ကလည်း အမည်ထုတ်ဖော်ခြင်းမရှိသည့် ထိုအမျိုးသားအား ပြုစုကူညီခဲ့ကြသည်။
ကူညီပေးခဲ့သူများထဲတွင် ထရန့်၏ ဆေးဖက်ဆိုင်ရာ ဝန်ဆောင်မှုဌာနများ၏ အုပ်ချုပ်ရေးမှူးနှင့် ဆရာဝန်တစ်ဦးလည်းဖြစ်သူ မက်မတ် အော့ဇ် (Mehmet Oz) လည်း ပါဝင်သည်။
“အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာ ယူနစ်က လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး အဆိုပါ အမျိုးသားလည်း အဆင်ပြေပါတယ်” ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ကာရိုလိုင်း လီဗစ် (Karoline Leavitt) က ပြောကြားခဲ့သည်။
