အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် လာမည့်ရက်သတ္တပတ် အာရှခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က ကြာသပတေးနေ့တွင် အတည်ပြုပြောကြားလိုက်သည်။
သမ္မတထရမ့်ပ်သည် သောကြာနေ့ညအနှောင်းပိုင်းတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေး အတွင်းဝန် ကာရိုလင်း လီဗစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်း၏ ခရီးစဉ်တွင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး ထရမ့်ပ်သည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်အဖွဲ့(အေပက်) စီအီးအို ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြာပြီးနောက် လာမည့်ကြာသပတေးနေ့တွင် သမ္မတရှီနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
သမ္မတ၏ အာရှခရီးစဉ်ကို တနင်္ဂနွေနေ့တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် တွေ့ဆုံခြင်း နှင့် အာဆီယံခေါင်းဆောင်များနှင့် အလုပ်သဘော ညစာစားပွဲတက်ရောက်ခြင်း တို့ဖြင့် စတင်မည်ဖြစ်သည်။ ယင်းနောက် တနင်္လာနေ့တွင် သူသည် တိုကျိုသို့ ထွက်ခွာကာ အင်္ဂါနေ့တွင် ဂျပန်ဝန်ကြီးချုပ်သစ် ဆနဲတာကာအိချိနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
ထရမ့်ပ်သည် ဗုဒ္ဓဟူးနေ့တွင် တောင်ကိုရီးယားသို့ ဆက်လက်သွားရောက်ကာ သမ္မတ လီဂျေးမြောင်နှင့် တွေ့ဆုံမည်ဖြစ်ပြီး အေပက်ထိပ်သီးအစည်းအဝေး၏ ပြင်ပတွေ့ဆုံမှုအဖြစ် စီးပွားရေးခေါင်းဆောင်များနှင့် နေ့လည်စာစားပွဲ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ထိုနောက်တွင် အမေရိက-အေပက် ခေါင်းဆောင်များ၏ အလုပ်သဘောညစာစားပွဲကို သူတက်ရောက်မည်ဖြစ်သည်။
တရုတ်နိုင်ငံက မြေရှားသတ္ထု့များ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို သိသိသာသာ တိုးချဲ့လိုက်သည့် အောက်တိုဘာလအစောပိုင်းမှစ၍ ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။ ထရမ့်ပ်က လက်တုန့်ပြန် အခွန်စည်းကြပ်မှုများနှင့် အခြားအစီအမံများကို ချမှတ်မည်ဟု အလျင်မြန်ခြိမ်းခြောက်ခဲ့သော်လည်း မကြာသေးမီရက်များကမူ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိရန် ပိုမိုအကောင်းမြင်လာသည့် သဘောထားကို ဖော်ပြခဲ့သည်။
Ref: အေနူးဇက်
