အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စားသောက်ကုန်ပစ္စည်းများအပေါ် အပြန်အလှန်အခွန်ကောက်ခံမှုစနစ်မှ ကင်းလွတ်ခွင့်ပေးလိုက်ခြင်းကြောင့် အကျိုးရှိခဲ့သူများတွင် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များလည်း ပါဝင်ပြီး ယင်းလုပ်ဆောင်ချက်သည် ဝယ်လိုအားကျဆင်းသွားမှုကို ပြန်လည်မြင့်တက်လာရန် အထောက်အကူဖြစ်နိုင်သည်ဟု လေ့လာသူအချို့က ပြောကြားခဲ့သည်။
အမေရိကစားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာမှုအပေါ် စားသုံးသူများ၏ စိုးရိမ်ပူပန်မှုများမြင့်တက်လာခြင်းကြောင့် အမဲသားအပါအဝင် အစားအသောက်ထုတ်ကုန် ၂၀၀ ကျော်အပေါ် ချမှတ်ထားသော အခွန်များကို သောကြာနေ့တွင် ထရမ့်ပ်က ပယ်ဖျက်ပေးခဲ့သည်။
အခွန် ၁၅ မှ ၂၀ ရာခိုင်နှုန်းချမှတ်ခံထားရသော အီးယူနှင့် ဗီယက်နမ် ပစ္စည်း ပေးသွင်းသူများနှင့်မတူဘဲ လက်ဘက်ရည်၊ ကော်ဖီ၊ ဟင်းခတ်အမွှေးအကြိုင်နှင့် သီဟိုဋ်စေ့များတင်ပို့သည့် အိန္ဒိယပို့ကုန်သမားများသည် ပိုမိုထိခိုက်မှုရှိသည်။ အိန္ဒိယ၏ ရုရှားရေနံဝယ်ယူမှုအပေါ် ပြစ်ဒ-ဏ်ခတ်သည့် သြဂုတ်လကုန်တွင်စတင်ခဲ့သော အခွန် ၂၅ ရာခိုင်နှုန်းအပါအဝင် ထရမ့်ပ်သည် အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလျံမှ ၃ ဘီလျံ အကြားရှိသော ပို့ကုန်များသည် အခွန်ကင်းလွတ်ပေးမှု၏ အကျိုးကျေဇူးကို ခံစားရလိမ့်မည်ဟု အိန္ဒိယပို့ကုန်အဖွဲ့အစည်းများ အဖွဲ့ချုပ်၏ ညွှန်ကြားရေးမှူးချုပ် အဂျေးဆာဟိုင်းက ပြောကြားခဲ့သည်။
ထရမ့်ပ်၏ ထိုအမိန့်ကြောင့် ပရီမီယံ၊ အထူးပြုနှင့် တန်ဖိုးမြင့်ထုတ်ကုန်များအတွက် နေရာလွတ်များ ဖွင့်လှစ်ပေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။ တန်ဖိုးမြင့်ကဏ္ဍများသို့ ပြောင်းလဲတင်ပို့သော ပို့ကုန်လုပ်ငန်းရှင်များသည် ဈေးနှုန်းဖိအားမှ ပိုမိုကောင်းမွန်စွာ အကာအကွယ်ရမည်ဖြစ်ပြီး မြင့်တက်လာသော စားသုံးသူ ဝယ်လိုအားကို အသုံးချနိုင်မည်ဟုဆိုသည်။
ကင်းလွတ်ခွင့်များသည် လက်ရှိလုပ်ဆောင်နေသော အမေရိကန်-အိန္ဒိယကုန်သွယ်ရေးဆွေးနွေးပွဲများအတွက် အပြုသဘောဆောင်သော အချက်ပြမှုတစ်ခုလည်းဖြစ်ပြီး ယခုနှစ်၏ အခွန်တိုးမြှင့်မှုကြောင့် ဖြစ်ပေါ်လာသော ပို့ကုန်ဖိအားကို လျှော့ချပေးနိုင်ကြောင်း ကုန်သွယ်ရေးနှင့် လယ်ယာထွက်ကုန်မူဝါဒတွင် ပါဝင်သော အရာရှိများက ပြောကြားခဲ့သည်။
Ref: အာရပ်နူးစ်
