အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က တိုကျိုတွင် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော ဆနားအဲ တာကအိချိကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စစ်ရေးတည်ဆောက်မှုကို အရှိန်မြှင့်တင်မည့် သူ၏ ကတိကဝတ်ကို ကြိုဆိုခဲ့ကာ ကုန်သွယ်ရေးနှင့် မြေရှားသတ္ထု့ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။
ထရမ့်ပ်၏ ကွယ်လွန်ခဲ့ပြီဖြစ်သော မိတ်ဆွေလည်းဖြစ်၊ ဂေါက်ရိုက်ဖက် လည်းဖြစ်သော ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နောက်လိုက်တစ်ဦးဖြစ်သည့် တာကအိချိက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရန် ထရမ့်ပ်၏ တွန်းအားပေးမှုများကို ချီးကျူးခဲ့ပြီး နို့ဘဲလ်ငြိမ်းချမ်းရေးဆုအတွက် ၎င်းကို အဆိုပြုသွားမည်ဟု ကတိပြုခဲ့ကြောင်း ထရမ့်ပ်၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီဗစ်က ပြောဆိုခဲ့သည်။
ဂျပန်ကုမ္ပဏီများက ဒေါ်လာ ၄၀၀ ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားရန် မျှော်လင့်ထားသည့် စွမ်းအင်၊ ညဏ်ရည်တုနှင့် အရေးကြီးသော တွင်းထွက်သတ္ထု့ကဏ္ဍများရှိ စီမံကိန်းများ၏ စာရင်းကို အစိုးရနှစ်ရပ်စလုံးက ထုတ်ပြန်ခဲ့သည်။
ထရမ့်ပ်၏ ကြီးလေးသော သွင်းကုန်ခွန်များမှ ကင်းလွတ်ခွင့်ရရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုကျိုသည် ယခုနှစ်အစောပိုင်းတွင် ဒေါ်လာ ၅၅၀ ဘီလျံဖိုးရှိ အရေးပါသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ၊ ချေးငွေများနှင့် အာမခံများကို ပေးအပ်သွားရန် ကတိပြုခဲ့သည်။
နှစ်နိုင်ငံသည် အရေးကြီးသော အီလက်ထရွန်းနစ်အစိတ်အပိုင်းများ၏ နယ်ပယ်အချို့တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းနေကြချိန်တွင် ခေါင်းဆောင်နှစ်ဦးသည် အရေးပါသော မြေရှားသတ္ထု့များကိုထောက်ပံ့ဖြည့်တင်းပေးသွင်းမှုကို မြှင့်တင်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
Ref: စီအင်န်အေ
