အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုနှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ရုတ်တရက် လေသံပြောင်းသွားခဲ့ကာ ၎င်းတို့နှစ်ဦးသည် ခင်မင်ရင်းနှီးစွာ ဖုန်းပြောခဲ့ကြောင်းနှင့် တောင်အမေရိကနိုင်ငံ၏ ခေါင်းဆောင်ကို အိမ်ဖြူတော်သို့ပင် သူ ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုနဲ့ စကားပြောရတာ ဂုဏ်ယူစရာပါ။ ငါတို့ကြုံနေရတဲ့ မူးယစ်ဆေးဝါးနဲ့ တခြား သဘောထားကွဲလွဲစရာ အခြေအနေတွေကို ဖုန်းထဲကနေ သူ ရှင်းပြခဲ့ပါတယ်” ဟု ထရမ့်ပ်က ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် တင်ခဲ့သည်။ “သူ ဖုန်းခေါ်ခဲ့တာနဲ့ သူပြောဆိုတဲ့ လေသံကို ငါ သဘောကျတယ်။ မကြာခင် သူနဲ့တွေ့ကြဖို့ မျှော်လင့်ပါတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။
လာမည့် အစည်းအဝေးသည် အိမ်ဖြူတော်တွင် ဖြစ်လိမ့်မည်ဟုလည်း ၎င်းက ရေးသားခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နစ်ကိုလပ်စ် မာဒူရိုကို အမေရိက,က စစ်ဆင်ရေးဖြင့် ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ကိုလံဘီယာသည်လည်း အခြေအနေသိပ်မကောင်းဟု ထရမ့်ပ်က သတိပေးခဲ့ကာ ပက်ထရိုသည် ကိုကင်းများထုတ်လုပ်ပြီး အမေရိကသို့ ရောင်းချနေသည်ဟု စွပ်စွဲခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခု ဖိတ်ခေါ်ချက်ထွက်လာခြင်းဖြစ်သည်။
Ref: ဆော့ခ်ချိုင်းနားမောနင်းပို့စ်
