တွစ်တာပိုင်ရှင် အီလွန်မတ်စ်နှင့် အမှုဆောင်အရာရှိချုပ် လင်ဒါ ယတ်ကာရီနိုသည် တွစ်တာ၏ အမည်နှင့် အမှတ်အသားကို ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ကြေညာလာခဲ့သည်။
၎င်းသည် အီလွန်မတ်စ်က တွစ်တာဝယ်ယူပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော အထင်ရှားဆုံး ပြောင်းလဲမှုများမှ တစ်ခုဖြစ်လာမည်ဖြစ်သည်။
အီလွန်မတ်စ်နှင့် လင်ဒါတို့၏ ကြေညာချက်အရ တွစ်တာကို ကိုယ်စားပြုသော ငှက်ပုံစံ အမှတ်အသားကို အခြားတစ်ခုနှင့် အစားထိုးကာ တွစ်တာအမည်ကိုလည်း “X” ဟူ၍ ပြောင်းလဲခေါ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြောင်းလဲမှုသည် တွစ်တာအား ဆက်သွယ်ရေးအက်ပ် အဖြစ်သာမက အေအိုင်စနစ်ဖြင့် ထိန်းချုပ်သော ငွေပေးချေမှု၊ ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်ရေး ကဏ္ဍဘက်အထိပါ ဆွဲခေါ်သွားမည်ဟု ခန့်မှန်းထားသည်။
တွစ်တာမှ “X” အဖြစ်သို့ ပြောင်းလဲခြင်းနှင့်အတူ အဆိုပါအက်ပ်တွင် ဖုန်းခေါ်ဆိုခြင်း၊ ဗီဒီယိုကော၊ စာတိုပေးပို့ခြင်းနှင့် အခြားသော နောက်ဆုံးပေါ် စနစ်များအား ထည့်သွင်းသွားကာ လူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်သည့် ပုံစံများကို လုံးဝဥဿုန်ပြောင်းလဲစေမည်ဟု လင်ဒါက ပြောကြားခဲ့သည်။
အီလွန်မတ်စ်သည် တွစ်တာ ပြောင်းလဲမည့်သတင်းများကို ဇူလိုင် ၂၃ ရက် တနင်္ဂနွေနေ့တွင် တွစ်တာပေါ်၌ အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြောင်းလဲမှုများနှင့်အတူ တွစ်တာ၏ အထင်ကရ အမှတ်အသားနှင့် အမည်ပါ ပျောက်ကွယ်သွားမည်ဖြစ်သည်။
Source: WION