မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အောက်တိုဘာ ၂၀ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် အပူပိုင်းမုန်တိုင်း”ဖန်ရှန်”ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ အပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် လက်ရှိအချိန်၌ အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းကာ လာမည့် ၁၂ နာရီအတွင်း အားကောင်းသောအပူပိုင်းမုန်တိုင်း“ဖန်ရှန်”အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာ ၂၁ ရက်(မနက်ဖြန်)နံနက်ပိုင်းအထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာအနှံ့ အပြား၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်များတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိကြောင်း သိရသည်။
