တောင်ငူမြို့တွင် စားသောက်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွား၍ လေဖြတ်နေသည့် အမျိုးသားကြီးတစ်ဦးသေဆုံး
တောင်ငူမြို့၊ခေမာလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဇူလိုင် ၂၉ ရက်(ယနေ့)နံနက်ပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် လေဖြတ်နေသည့် အ မျိုးသားကြီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု Toungoo Emergency Rescue Team မှသိရသည်။
ခေမာလမ်းရှိ “မိုးကောင်းကင်”စားသောက်ဆိုင်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များနှင့်တောင်ငူမြို့အခြေစိုက်လူမှုကူ ညီရေးအသင်းများမှ သွားရောက်ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
“မီးလောင်တဲ့အချိန်မှာ အဘိုးတစ်ယောက်နဲ့အ ဘွားတစ်ယောက်ရှိနေတယ်သိရလို့ ကယ်ဆယ်ရေးကိုအမြန်ဆုံးလုပ်ခဲ့ပါတယ် အဘွားကိုတော့ကယ်ထုတ်နိုင်ခဲ့တယ် အဘိုးကကြတော့အပေါ် ထပ်မှာနေတာဆိုတော့ မီးလောင်တဲ့အချိန်မှာ အ ပေါ်ထပ်ကပြိုကျသွားတော့ အချိန်မီမကယ်ထုတ်နိုင်ခဲ့ဘူး ရသလောက်ဝင်ပြီးဆွဲထုတ်ခဲ့ပေမယ့် သေဆုံးနေပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်စဥ်၌ သေဆုံးခဲ့သည့် အမျိုးသားကြီးသည် အသက်(၇၀)နှစ်ဝန်းကျင်ရှိ ဦးမြင့်လွင်ဖြစ်ကာ လေဖြတ်နေသူတစ်ဦးဖြစ်ပြီး မီးလောင်ကျွမ်းခံရမှုကြောင့် ရုပ်အလောင်းမှာ ပျက်စီးသွားခဲ့ကြောင်း Toungoo Emergency Rescue Team မှသိရသည်။
“အလောင်းကပျက်စီးသွားတယ် အပြည့်အစုံတောင်မရတော့ဘူး ရသလောက်ခန္ဓာကိုယ်အ စိတ်အပိုင်းတွေကိုစုပြီး တောင်ငူဆေးရုံကြီးက ရင်ခွဲရုံကိုပို့ပေးထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
အဆိုပါ စားသောက်ဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဥ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။