အမေရိကန်၏ အကောက်ခွန်များကို လျှော့ချပေးမည့် အလဲအလှယ်အဖြစ် တောင်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုအား ဒေါ်လာ ဘီလျံ ၃၅၀ ပေးဆောင်ရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားသည်။
“တောင်ကိုရီးယားက သူတို့အပေါ် အမေရိကန်ပြည်ထောင်စုက ကောက်ခံထားတဲ့ အခွန်တွေကို လျှော့ချပေးဖို့အတွက် အမေရိကန်ကို ဒေါ်လာ ဘီလျံ ၃၅၀ ပေးဆောင်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် သူတို့က ကျွန်တော်တို့ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမြောက်အမြား ဝယ်ယူဖို့ သဘောတူခဲ့သလို၊ ချမ်းသာကြွယ်ဝတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေနဲ့ စီးပွားရေးသမားတွေရဲ့ ကျွန်တော်တို့နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒေါ်လာ ဘီလျံ ၆၀၀ ကျော်လွန်လာပါလိမ့်မယ်”ဟု သူ၏ Truth Social ပလက်ဖောင်းတွင် ရေးသားထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ စစ်ရေးမဟာမိတ်က အရင်ကထက် ပိုမိုအားကောင်းလာပြီး၊ အဲဒါကို အခြေခံပြီး သူတို့မှာ အခုလက်ရှိရှိနေတဲ့ ခေတ်နောက်ကျပြီး လှုပ်ရှားရတာ လျင်မြန်မှုမရှိတဲ့ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စီး တည်ဆောက်ခွင့်ကို ကျွန်တော် ခွင့်ပြုပေးခဲ့ပါတယ်” ဟုလည်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ဝီဆောင်းလတ် (Wi Sung-lac) က ထရမ့်သည် တောင်ကိုရီးယား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ လိုအပ်ကြောင်း သဘောတူခဲ့သည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။
