ဆိုးလ်၊ဇူလိုင် ၁၅
တောင်ကိုရီးယားနိုင်ငံ၌ မုတ်သုန်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့်သေဆုံးသူ ၂၄ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။ဒါဇင်နှင့်ချီသောသူများလည်းပျောက်ဆုံးနေပြီး လူပေါင်းထောင်ချီကာဘေးလွတ်ရာသို့ရွှေ့ပြောင်းနေကြရသည်ဟုလည်းဆိုသည်။
အထူးသဖြင့်မြောက်ပိုင်းဒေသ ဂျွန်ဆန်၌အဆိုးရွားဆုံးဖြစ်ပြီး အိမ်တိုင်များပါကျွတ်ထွက်ကာ အိမ်အလုံးလိုက်မျောပါသွားသည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂိုဆန်ဆည်သည်လည်း ခံနိုင်ဝန်ထက်ကျော်လွန်နေပြီဖြစ်သဖြင့် ဆည်မကျိုးခင် အဆိုပါဆည်အနီးတစ်ဝိုက်ရှိဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေသည်ဟုလည်းသိရသည်။
ထို့ပြင်မြောက်ပိုင်းချွန်းချန်ဒေသ၌လည်း မြေအောက်ကားပါကင်၌ ကားအစီးရေရာနှင့်ချီ၍ ပိတ်မိနေသဖြင့်ကယ်ဆယ်ရေးသမားများသည် ခက်ခက်ခဲခဲလုပ်ဆောင်နေကြရပြီး ယာဉ်ပေါ်၌ပိတ်မိနေသူများလည်းအသက်အန္တရာယ်စိုးရိမ်ရကာ တစ်ဦးသေဆုံးခဲ့ကြောင်းလည်းသိရသည်။
ထပ်မံ၍လည်းသေဆုံးမှုပမာဏဆက်လက်မြင့်တက်လာနိုင်သည်ဟုတာဝန်ရှိသူများကခန့်မှန်းထားကြသည်။မိုးကြီးရေလျှံမှုကြောင့် သယ်ယူပို့ဆောင်ရေးများလည်းခက်ခဲကာ ပုံမှန်ထွက်နေကျရထားလိုင်းများပါရပ်နားထားရသည်ဟုလည်းသိရှိရသည်။
Source : WION