အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် တုကီယေးနှင့် ဆီးရီးယားနိုင်ငံတို့တွင် ရစ်ခ်တာ စကေး ၇ ဒသမ ၉ အဆင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အဆောက်အအုံများစွာ ပြိုလဲကာ လူပေါင်းရာနှင့်ချီ အိပ်ပျော်နေစဉ် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
တုကီယေးနိုင်ငံတောင်ပိုင်းတွင် စတင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အဆိုပါ ငလျင်ဒဏ်ကြောင့် တုကီယေးတွင် လူ ၂၈၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒုတိယသမ္မတ ဖူအ အော့ခ်တိုင် က ကြေညာထားသည်။
ဆီးရီးယားနိုင်ငံတွင် အစိုးရကထိန်းချုပ်သော ဒေသများတွင် ငလျင်ရိုက်ခတ်မှုဒဏ်ကြောင့် လူ ၂၄၅ ဦး ထက်မနည်းသေဆုံးပြီး လူ ၆၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။
ထို့ပြင် ဆီးရီးယားနိုင်ငံရှိ သူပုန်များ ကထိန်းချုပ်ထားသော ဒေသများတွင်လည်း လူ ၁၄၇ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဝှိုက်ဟဲလ်မက် က ပြောကြားထားသည်။
အဆိုပါငလျင်သည် အရှေ့အလယ်ပိုင်းဒေသ သမိုင်းတစ်လျှောက် လှုပ်ဖူးသမျှ ငလျင်များထဲတွင် အကြီးမားဆုံးငလျင်ဖြစ်ကြောင်း ဆီးရီးယား အမျိုးသား ငလျင်ဗဟိုဌာန အကြီးအကဲ ရာအတ် အာမတ် က အစိုးရအား ထောက်ခံအားပေးသည့် ရေဒီယိုသို့ ပြောကြားခဲ့သည်။
Source:CNA



