ကရာမန်မရာ,ဖေဖော်ဝါရီ ၁၂
တုကီယေးနှင့်ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် လက်ရှိ ၂၈,၀၀၀ မှ နှစ်ဆ (သို့) နှစ်ဆထက်ပို၍ တိုးလာနိုင်ကြောင်းကုလသမဂ္ဂကယ်ဆယ်ရေးအကြီးအကဲ မာတင်ဂရစ်ဖ်ကပြောကြားခဲ့သည်။
မစ္စတာဂရစ်ဖ်က “လက်ရှိမှာကျွန်တော်တို့အနေနဲ့ တိတိကျကျပြောနိုင်ဖို့ခဲယဉ်းပါသေးတယ်၊အခုချိန်ထိအပျက်အစီးတွေကို အကုန်မဖယ်ထုတ်နိုင်သေးတာကြောင့်ပါ။သေချာတာတော့ လက်ရှိစာရင်းရဲ့နှစ်ဆ ဒါမှမဟုတ် နှစ်ဆထက်ပိုမြင့်လာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။
၎င်းက လက်ရှိ၌ သေဆုံးသူအရေအတွက်အတိအကျအား မရေတွက်နိုင်သေးကြောင်းပြောကြားခဲ့သော်လည်း အရာရှိများနှင့်ကျန်းမာရေးဝန်ထမ်းများ၏ပြောကြားချက်အရ တုကီယေး ၌ ၂၄,၆၇၁ ဦးသေဆုံးခဲ့ပြီး ဆီးရီးယား၌ ၃,၅၇၄ ဦးသေဆုံးခဲ့ပြီဟုသိရသည်။
နှစ်နိုင်ငံစုစုပေါင်းသေဆုံးသူအရေအတွက်သည် ၂၈,၁၉၁ ဦးရှိပြီဟုသိရသည်။ကယ်ဆယ်ရေးလုပ်သူများလည်း အပြင်းအထန်ကြိုးစားလျက်ရှိပြီး လူပေါင်း ၈၇၀,၀၀၀ ခန့်သည်အစားအသောက်များလိုအပ်နေကာ နှစ်နိုင်ငံမှလူပေါင်း ၅ ဒသမ ၃ သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်ဟုဆိုထားသည်။
တုကီယေး ၌ အသက်ရှင်ကျန်ရစ်သူများအား အချိန်မီ ကယ်တင်နိုင်ရန်လည်း ကယ်ဆယ်ရေးသမား ၃၂,၀၀၀ ဖြင့် ဆက်လက်ဆောင်ရွက်နေပြီး နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင် ၈,၂၉၄ ယောက်ဖြင့်လည်း ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
Source : AFP