ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ယနေ့ (ဇွန် ၂၆ ရက်) တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးရုံ၌ တက်ရောက်ကုသနေသည့် လူနာများ၏ ကျန်းမာရေးအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
တီးတိန်မြို့ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း (၈၀) ဦးဖြင့် ခွဲစိတ်ကုသရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ခွဲစိတ်ကုသမှုခံယူနေသူ (၁၇) ဦး၊ မီးဖွားလူနာ (၁၄) ဦးနှင့် ဖျားနာလူနာ (၁၁) ဦး စုစုပေါင်း လူနာ (၄၃) ဦး တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးရုံဝန်းအတွင်းရှိ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့် လူနာများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ကြေးနှင့် Burma Coffee ထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
