သင်တန်းဆင်းအရာရှိများအနေဖြင့် တိုးတက်ပြောင်း လဲလာသည့် ခေတ်မီပြုစုကုသမှုများနှင့် ဆေးပညာရပ်များကို မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ်လေ့လာဆည်းပူးလေ့လာနေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္က သိုလ်စစ်ရေးပြကွင်း၌ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် သင်တန်းဆင်းအရာရှိများအား မှာကြားခဲ့ခြင်းဖြစ် သည်။
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ်နယ်ပယ်သည်လည်း အရှိန်အ ဟုန်ဖြင့် တစ်နေ့တစ်ခြားတိုးတက်ပြောင်းလဲလျက်ရှိကာ ရောဂါရှာဖွေသည့် ပစ္စည်းကိရိယာများ၊ ကုသသည့်ကိရိယာများ၊ ဆေးဝါးနှင့် ကုထုံးအသစ်များ ဆန်းသစ်ပြောင်းလဲလာသကဲ့သို့ ထူးခြားဆန်းပြားသည့် ရောဂါဘယများသည်လည်း ဆေးပညာလောကကိုမပြတ်စိန်ခေါ်လျက်ရှိနေသည်ဟု ပြောသည်။
” သင်တန်းဆင်းအရာရှိတွေအနေနဲ့ တပ်မတော်သားဆေးသိပ္ပံပညာရှင်တွေဖြစ်တာနဲ့အညီ တိုးတက်ပြောင်း လဲလာတဲ့ ခေတ်မီပြုစုကုသမှုတွေနဲ့ ဆေးပညာရပ်တွေကို မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး တစ်ဦးချင်း အရည်အသွေးတိုးတက်မြင့်မားလာအောင်မြှင့်တင်နေကြရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိ ရောက်သည်”ဟူသည့်အတိုင်း ကိုယ်စီကျန်းမာရေးအ သိ၊ ကျန်းမာရေးသတိ မြင့်မားလာအောင်အသိပညာဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုဆိုင်ရာပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က မှာကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အောင်စစ်သည်ဆုရ ဗိုလ်လောင်းအောင်ကျော်မိုး၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဗိုလ်လောင်းစွမ်းရည်ထည်နှင့် စာပေထူးချွန်ဆုရ ဗိုလ်လောင်းမင်းဖုန်းသန့်အောင်တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
