ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ကျရောက်သော ကရင်နှစ်၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါနှစ်သစ်ကူးပွဲတော်ကို (ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)ဂုဏ်ထူးဆောင်နာယက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် ၉ ချက်တီးကာ ကရင်လူငယ် ၉ ဦးက ကျွဲချိုမှုတ်၍ ဖွင့်လှစ်ခဲ့သည်။
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများတွင် မှီတင်း နေထိုင်ကြသော လူမျိုးအားလုံး မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးအလိုက် ယဉ်ကျေးမှုစရို-က်၊ လက္ခဏာများနှင့်အညီ ကျင်းပသည့်နည်းတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ကောက်သစ်စားပွဲတော် အထိမ်းအမှတ် နှစ်သစ်မင်္ဂလာ နေ့မြတ်အဖြစ် ယနေ့ကျင်းပရခြင်းပင် ဖြစ်သည်ဟု (ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ဂုဏ်ထူးဆောင်နာယက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟို အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်ကပြောသည်။
ယခုနှစ်ပေါင်း(၂၀၀၀)ကျော် (၃၀၀၀)နီးပါး ကရင်လူမျိုးများ မြန်မာပြည်တွင်း လူမျိုးတစ်မျိုးအနေဖြင့် ခိုင်မာစွာဆက်လက်ရပ်တည်ရှင်သန်နိုင်ခြင်းမှာ ကရင်လူမျိုးများသည် မိမိတို့ ကိုယ်ပိုင်ပြောဆိုသည့် ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်များ၊ ခေတ်အဆက်ဆက်မပျောက်ပျက်ရအောင် မိမိတို့ရဲ့ အမျိုးကိုစောင့်ရှောက်တဲ့ စိတ်ဓာတ်နဲ့အမြတ်တနိုး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ကရင်စကား၊ ကရင်စာပေ၊ ကရင်ယဉ်ကျေးမှုအက၊ ကရင်တေးသီချင်းများနှင့် ကရင်တူရိယာ၊ ကရင်ပြက္ခဒိန်အစရှိသဖြင့် လက်ရှိတည်ရှိနေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် လွန်ခဲ့သော (၈၈)နှစ်ကျော်က အမြှော်အမြင်ကြီးမားသော ကရင်ဘိုးဘွားမိဘများ၏ စည်းလုံးညီညွတ်စွာ ကြိုးစားလုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော်နဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုလည်း တရားဝင်ကျင်းပ ပြုလုပ်ခွင့်ရရှိလာခဲ့ကြောင်း သိရသည်။
ကရင်နှစ်သစ်ကူးပွဲတော်တွင် လက်ဝှေ့၊ ခေါင်းအုံးရို-က်၊ ချောတိုင်တက်ခြင်းအစရှိသည့် ရိုးရာအားကစားများကို ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။
