ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ၊ ဖလုံဘူတာ ကျေးရွာတွင် ဇူလိုင် (၂၉) ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ ညနေ (၅) နာရီခန့်မှစတင်ကာ ချောင်းရေမြင့်တက်လာပြီး နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ လမ်းများပေါ်သို့လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“အိမ်တွေထဲကို ရေဝင်များတာက ဖလုံဘူတာကျေးရွာမှာပါ။ အတော်များတယ်ဗျ။ ချောင်းရေမြင့်တက်လာတော့ပိုဆိုးသွားတာပေါ့။ မိုးကလည်းဆက်တိုက်ရွာနေတာ တချို့အိမ်တွေဆို ရေမြုပ်နေပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ရေဝင်ရောက်မှု ဖြစ်ပေါ်နေသည့် နေအိမ်များ၌ နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ကျွန်းတောကြီးဘုန်းတော်ကြီးကျောင်းသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။