တာချီလိတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၈) ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာစုပေါင်း “ခါးထောင်းဖား” ပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက ပါလျှံ (၁)၊ ရန်အောင်မြေရပ်ကွက် တာ့ဟွာတရုတ်ဘုံကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စစ်ဗျူဟာ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်းက အာခါတိုင်းရင်းသားများသည် အာခါ “ဇန်း”ခေါ် ယုံကြည်ကိုးကွယ်မှု ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပြင် ထူးခြားသည့် ဝတ်စားဆင်ယှဉ်မှုကိုလည်း ယနေ့တိုင်ဖော်ထုတ် ထိန်းသိမ်းလျက်ရှိကြောင်း၊ ဘိုးဘေးတို့အား အောက်မေ့ဂုဏ်ပြုသော ကောင်းသောအကျင့်နှင့်အတူ ပွဲတော်များအားကျင်းပခြင်းဖြင့် ထိန်းသိမ်းလာခဲ့ကြောင်း၊ “ခါးထောင်းဖါး” ပွဲတော်ကို စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် မိမိ၏ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ဆောင်နိုင်ကြပါစေကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက အာခါရိုးရာစုပေါင်း “ခါးထောင်းဖါး” ပွဲတော်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားကာ (၁၈) ကြိမ်မြောက် “ခါးထောင်းဖား” ပွဲတော် အထိမ်းအမှတ် အာခါလူငယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အာခါတိုင်းရင်းသားမောင်မယ်များက ရိုးရာအကအလှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အာခါတိုင်းရင်းသားတို့သည် “ခါးထောင်းဖါး” ပွဲတော်ကို ရှေးပဝေဏသီကတည်းက မိသားစုအလိုက်၊ ရပ်ရွာအလိုက်နှင့် ဒေသအလိုက်သာကျင်းပခဲ့ကြပြီး ယခုအခါ အာခါတိုင်းရင်းသား ညီကိုများ၏ စည်းလုံးညီညွတ်ခြင်းကို အခြေခံကာ အာခါတိုင်းရင်းသားများရိုးရာ စုပေါင်း “ခါးထောင်းဖါး” ပွဲတော်အဖြစ် ကျင်းပလာခဲ့သည်မှာ (၁၈) ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သတင်း-ရှမ်းအရှေ့သတင်းမဏ္ဍိုင်
