တာချီလိတ်မြို့ရှိ ရပ်ကွက် ၆ ခုအတွင်း၌ ရေပြန်လည်ကျဆင်းမှုမရှိသေး
ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် စက်တင်ဘာ ၉ ရက်ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်တွင် ရေများအနည်းငယ်ပြန်လည်ကျဆင်းလာခဲ့သော်လည်း မိုးအနည်း ငယ်ဆက်လက်ရွာသွန်းလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တာချီလိတ်မြို့ရှိ ပုန်းထွန်၊ တာလော့၊ ဆန်ဆိုင်း က၊ ဆန်ဆိုင်း ခ၊ မကာဟိုခမ်း၊ မယ်ခေါင်ရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ မယ်ဆိုင်ချောင်းရေမှာလည်း ယနေ့နံနက် ၈ နာရီခွဲခန့်တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ပြီး ၄၀၀ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။
“ရေကအနည်းအကျဥ်းကျတယ်ဆိုရုံပဲ မိုးကလည်းရွာနေတုန်းရယ် မယ်ဆိုင်ချောင်းရေတက်တာရယ်နဲ့ဆိုရင် ရေပြန်တက်လာဖို့များတယ် တာချီလိတ်မြို့နေသူတွေကိုတော့ သတိပေးတာတွေလုပ်နေတယ် ရေတက်လာရင် ဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုက်လံသတိပေးထားပါတယ်”ဟုတာချီလိတ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်