ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် Toyota Crown ကားတစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၂ ဒသမ ၆၃ ကီလိုအား သြဂုတ် (၄) ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဟံသာဝတီလမ်းဘက်မှ မြို့ရှောင်လမ်းဘက်သို့ စိုင်းဟောင်ခမ်း(ခ)စိုင်းတီ မောင်းနှင်ကာ သက်လှိုင်ဦး လိုက်ပါလာသည့် Toyota Crown ကားအား သတင်းအရရှာဖွေစစ်ဆေးခဲ့ ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၂ ဒသမ ၆၃ ကီလိုကို ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ရာစိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရောင်းဝယ်သူ မချိုနိုရက်ဒီဆာရီကာအား ည ၆ နာရီခွဲတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မိုတယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ KTV/CLU B/BAR နှင့်စားသောက်ဆိုင်များတွင် လူငယ်များအားအန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာတားဆီးနိုင်ရန်စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။